အိမ်ကနေ (၂) နှစ်ကြာ ပျောက်သွားပြီးနောက်မှ သခင်နဲ့ ပြန်ဆုံနိုင်ခဲ့တဲ့ ခွေးလေး

လမ်းဘေးခွေးတွေဟာ လမ်းကြိုလမ်းကြားတွေထဲမှာပဲ နေထိုင်ရင်း ကြင်နာသနားတတ်သူတွေက ပေးကမ်းကျွေးမွေးတဲ့ စားကြွင်းစားကျန်လေးတွေပေါ်သာ မှီခိုနေရပါတယ်။ တစ်နေ့မှာတော့ ယူကရိန်းနိုင်ငံက တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကနေ လမ်းဘေးမှာ နာမကျန်းဖြစ်နေတဲ့ အပြာရောင်မျက်လုံးနဲ့ ခွေးတစ်ကောင်ကို တွေ့လာခဲ့ပါတယ်။

ဂေဟာကနေ အမျိုးမျိုးပြုစုကုသမှုခံယူပြီးတဲ့နောက်မှာ ခွေးလေးဟာ အခြေအနေတော်တော်လေး ကောင်းမွန်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခါမှာတော့ ဂေဟာက ဒီခွေးလေးကို မွေးစားနိုင်မယ့်သူရှာဖွေပေးဖို့အတွက် သူ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာပေါ်မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအနည်းငယ်အတွင်းမှာပဲ ခွေးလေးရဲ့ဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီး တစ်နေ့တော့ အမျိုးသမီးတစ်ယောက်က ဂေဟာဆီကို ဖုန်းဆက်လာပါတယ်။

facebook/МКП “Щасливі тварини”

ခွေးလေးဟာ လွန်ခဲ့တဲ့ (၂) နှစ်တုန်းက သူမတို့အိမ်နောက်ဖေးခြံထဲကနေ သူခိုးခိုးခံလိုက်ရတဲ့ ခွေးလေးနဲ့ တော်တော်လေးတူနေတာကြောင့် လာကြည့်လို့ရမလား ဆိုပြီးတော့ပါ။ ဒါ့အပြင် အဆိုပါအမျိုးသမီးက သူမဟာ သူမခွေးကို ရှာနေခဲ့တာ (၂) နှစ်တိုင်ရှိပြီ ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။ ဒါနဲ့ပဲ ဂေဟာက သူမကို ခွေးဆီ လာကြည့်ခွင့်ပြုခဲ့ပါတယ်။

ဂေဟာဆီ သူမရောက်လာတဲ့အခါမှာတော့ ခွေးလေးဟာ ဘယ်လိုတုံ့ပြန်လဲဆိုတာ ဗီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်။ နှစ်အကြာကြီး ခွဲနေရပေမယ့်လည်း တစ်ဦးကိုတစ်ဦး မမေ့နိုင်ပဲ ရှိနေသေးတဲ့ လူနဲ့ တိရစ္ဆာန်ကြားက သံယောဇဉ်ကိုတော့ မျက်ရည်မခိုင်ဖွယ် ဗီဒီယိုလေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သိရတာက ခွေးလေးရဲ့ နာမည်ဟာ လော့ဒ်ဖြစ်ပါတယ်။ အခုဆိုရင်တော့ လမ်းဘေးမှာ ပင်ပန်းခက်ခဲစွာ ဖြတ်သန်းလာခဲ့ရတဲ့ ခွေးလေး လော့ဒ်ဟာ သခင်ဖြစ်သူနဲ့ ပြန်လည်ဆုံစည်းခဲ့ပြီးနောက် အိမ်ပြန်လိုက်သွားခဲ့ပြီပဲ ဖြစ်ပါတော့တယ်။

လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *