အချစ်ရေးကံကောင်းလာအောင် လုပ်ယူနိုင်မယ့် ရိုးရှင်းတဲ့အဆင့် (၄)ဆင့်

အချစ်ရေးအဆင်မပြေဘူး၊ အချစ်ရေးမှာ ကံမကောင်းဘူးလို့ ပြောနေကြတာ မကြာခဏဆိုသလို ကြားရပါတယ်။ တချို့ကဆို အချစ်နဲ့ပတ်သက်လာရင် ကျိန်စာတွေ မိထားသလားမှတ်ရအောင် ကံကဆိုးပြီးရင်းဆိုးနေတာမျိုးဖြစ်နေတာပါ။

တကယ်တော့ အချစ်ရေးကံကောင်းလာအောင် လုပ်ယူလို့ရပါတယ်။ သိပ်လည်းမခက်ခဲပါဘူး။ အချစ်ရေးကံကောင်းဖို့ ဒီအချက်လေးတွေကိုသာ လုပ်လိုက်ပါ။ ကံကောင်းလာပါလိမ့်မယ်။

(၁) လူတိုင်းကို ကိုယ့်ဘဝထဲဝင်ခွင့်မပြုပါနဲ့

ချစ်သူပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ် သူတို့နဲ့ ကိုယ်နဲ့ကြားမှာ စည်းတစ်ခုခြားပြီး ဆက်ဆံတတ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အကြောင်းတွေ၊ စိတ်ခံစားချက်တွေကို လူတိုင်းကိုပေးမသိပါနဲ့။ လူတိုင်းကို ကိုယ့်ရဲ့ဘဝထဲကို ဝင်ခွင့်မပြုပါနဲ့။

ဒီလိုပြောလို့ အဆင့်အတန်းခွဲခြားဖို့ပြောတယ်မထင်ပါနဲ့။ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မယ့်၊ ကိုယ့်အပေါ်မကောင်းတဲ့လူတွေကို ရှောင်ရှားတတ်ဖို့ပါ။

(၂) စိတ်ခံစားချက်ကိုပဲ ဦးစားမပေးပါနဲ့

အချစ်နဲ့ပတ်သက်လို့ ဆုံးဖြတ်တဲ့အခါ ခံစားချက်ကိုပဲရှေ့တန်းတင်ပြီး မဆုံးဖြတ်ဘဲ ၊ ဦးနှောက်နဲ့လည်း စဉ်းစားပြီးမှဆုံးဖြတ်သင့်ပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးလွန်းတဲ့အခါ လူတစ်ယောက်ရဲ့ကောင်းကွက်ဆိုးကွက်တွေကို မမြင်နိုင်တော့ဘဲ ကိုယ့်အပေါ် မကောင်းတဲ့လူကို တွယ်ငြိတတ်ပါတယ်။ အဲ့ဒီအခါ စိတ်ဆင်းရဲရပြီး အချစ်ရေးကံမကောင်းဘူးဆိုတာဖြစ်လာတာပါ။

(၃) ကိုယ့်ကိုယ်ကိုချစ်ပါ

သူများတွေကို မချစ်ခင် ကိုယ့်ကိုယ်ကို ချစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို မချစ်တတ်ရင် တခြားသူတွေ ကိုယ့်ကိုချစ်တာကိုလည်း ကောင်းကောင်းခံယူတတ်မှာမဟုတ်ပါဘူး၊ တခြားသူတွေ ချစ်တာကိုလည်း တန်ဖိုးထားတတ်မှာမဟုတ်ပါဘူး။ တခြားသူတွေပေးတဲ့ အချစ်ရဲ့ တန်ဖိုးကိုမသိရင် အချစ်ရေးကံကောင်းတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ ဒါကြောင့် အချစ်ရေးကံကောင်းချင်ရင် ကိုယ့်ကိုယ်ကို ချစ်ဖို့လိုပါတယ်။

(၄) ကိုယ်လိုချင်တာကို သူများကိုပေးပါ

ကိုယ်က အချစ်စစ်ကို လိုချင်ရင် သူများကို အချစ်စစ်ပေးရပါမယ်။ ကိုယ့်ဘက်က အပေါစားပေးပြီး သူများဆီက အကောင်းစားလိုချင်လို့မရပါဘူး။ ကံကောင်းမကောင်းဆိုတာ ကိုယ့်ရဲ့လုပ်ရပ်နဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တာကိုပဲ သူများကိုပေးပါ။ ဒီတစ်ယောက်ဆီက မရဘူးဆိုရင်တောင် မှန်ကန်တဲ့သူဆီက ကိုယ်လိုချင်တာတွေပြန်ရပါလိမ့်မယ်။

MAY THAZINHTOO

Leave a Reply

Your email address will not be published. Required fields are marked *